
မန္တလေးတက္ကသိုလ်၏ (၃၄)ခုမြောက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ
မန္တလေးတက္ကသိုလ်၏ (၃၄)ခုမြောက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ
မန္တလေး မတ် ၅
မန္တလေးတက္ကသိုလ်သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် သုတေသန လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့ ပညာတော်သင်စေလွှတ်ရေး၊ ပညာရပ် နယ်ပယ်များဖွံ့ဖြိုးတိုးတက်စေရန် ပြည်ပတက္ကသိုလ်များနှင့် သင်ရိုးညွှန်းတမ်းများ အပြန် အလှန်ဖလှယ်ရေး၊ ဘာသာရပ်အလိုက်ဆွေးနွေးပွဲများနှင့် စာတမ်းဖတ်ပွဲများတွင် ပြည်ပပညာရှင်များနှင့်ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို ရည်ရွယ်ပြီး မန္တလေးတက္ကသိုလ် အနေဖြင့် ပြည်ပတက္ကသိုလ်များနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)များကို ရေးထိုးလျက်ရှိသည်။
မန္တလေးတက္ကသိုလ်နှင့် ဆွီဒင်နိုင်ငံ Lund University တို့အကြား ပညာရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)လက်မှတ် ရေးထိုးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် မန္တလေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းနှင့် ဆွီဒင်နိုင်ငံ Lund University မှ တာဝန်ရှိသူတို့က ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ကြပြီးနောက် အပြန်အလှန် လက်ဆောင်များပေးအပ်ကာ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မန္တလေးတက္ကသိုလ်အနေဖြင့် ဂျာမနီ၊ ဂျပန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ အမေရိကန်၊ ကိုရီးယား၊ သြစတေးလျ၊ အီတလီ၊ ဒိန်းမတ်၊ တရုတ်၊ သြစတြီးယား၊ ဟန်ဂေရီ၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့ရှိ အဖွဲ့အစည်း၊ တက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာ (၃၃)ခုရေးထိုးထားပြီးဖြစ်၍ ယခုအကြိမ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် (၃၄)ခုမြောက် ဖြစ်ကြောင်းသိရသည်။